ကျွန်တော်ရဲ့ blog လေးကို ကျွန်တော်သိသမျှ တတ်သမျှ ဖတ်မိ၊မှတ်မိသမျှ

ကိုအားလုံးကိုမျှဝေလိုတဲ့ ဆန္ဒလေးနဲ့လုပ်ဖြစ်တာပါ.
ကျွန်တော့်ရဲ့ post မှာ သုတ၊ရသ၊ ပညာနှင့် စာပဒေသာဆိုပြီး(၄)ပိုင်း ခွဲထားပါတယ်.
သုတမှာ သိမှတ်ဖွယ်ရာအဖြာဖြာကို ဖော်ပြထားပါတယ်.
ရသမှာတော့ ခံစားမှု တစုံတရာပေးစွမ်းနိုင်မဲ့ စာတွေကဗျာတွေဖော်ပြပေးထားပါတယ်.
ပညာမှာတော့ ဘာသာရပ်ဆိုင်ရာ တွေကိုဖော်ပြထားပြီး
စာပဒေသာမှာတော့ ဟာသ၊ဗေဒင် စတဲ့ ကဏ္ထ စုံကို ဖော်ပြထားမှာပါ.

ဆရာကြီး မင်းသုဝဏ်ရဲ့ 'စု၊တု၊ပြူ' မူအတိုင်း စု ဆောင်းထားသမျှ
တခြားသူများရဲ့စာများနှင့် သူတို့ရဲ့ စာတွေကို အတု ယူပြီး ကိုယ်တိုင်ပြု စုထားတဲ့စာတွေအစုံပါဝင်မှာပါ.
တခြားသူများရဲ့ စာတွေကိုဖော်ပြတဲ့အခါ မူရင်းရေးသူအမည်သိလျှင်
ဖော်ပြပြီး မသိခဲ့ရင်တော့ 'ဖတ်မိသမျှ၊မှတ်မိသမျှ'လို့ပဲရေးပေးထားပါမယ်.
မူရင်းရေးသူအမည်သိလျှင်လည်းပြောပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်

ဝင်ရောက်ဖတ်ရှုသောသူငယ်ချင်းများ စာပေရောင်းရင်းများ အားလုံးကို ကျေးဇူးတင်စွာဖြင့်
ဝင်းသုမွန်
(ကြိုက်တာတွေ့ရင် ကူးယူနိုင်ပါသည်။ဖတ်ဖြစ်ဖို့သာလိုရင်းပါ)

Monday, March 22, 2010

စေတီတော်မှ ညွှန်ပြသော သင်္ကေတများ

[စေတီရဲ့ အစိတ်အပိုင်း တစ်ခုချင်းစီ အတွက်ရော အားလုံးခြုံငုံပြီးပါ
အနှစ်ပါပါ အဓိပ္ပာယ်ရှိရှိ ပုံသဏ္ဍာန်များကို ရွေးချယ်စီစဉ်နိုင်သော
ရှေးမြန်မာကြီးများရဲ့ သင်္ကေတ ၀ါဒကို အံ့သြချီးကျူးလို့
မဆုံးနိုင်တော့ပါချေ...]
. . .

၎. သံသရာကို ဘီလူးလိုကြောက်ပြီး အထက်နိဗ္ဗာန် ပန်းကို
လှမ်းဆွဲစေချင်သည်ဟူသော သတိပေးချက်ကို ဘီလူးပန်းဆွဲဖြင့် ဥပမာပေးခြင်း၊
ပုံပန်းသဏ္ဍာန် ၅ခုမြောက်တွင် ဘီလူးပန်းဆွဲကို ထားခြင်းမှာ ဥာဏ်စဉ်
၁၆ပါးရှိသည့်အနက် ၅ဆင့်မြောက် ဘယဥာဏ်ကို ညွှန်းဆိုလိုသောကြောင့်
သည်နေရာတွင် ဘီလူးပန်းဆွဲ ကို ထားခြင်း၊ (အထက် မြန်မာပြည်တွင် ဘီလူးကို
ပါအောင်ထည့်ပြီး အောက်မြန်မာပြည် တွင်မူ ဘီလူး ထားခြင်း အဓိပ္ပာယ်ကို
တလွဲတွေးသဖြင့် လည်းကောင်း၊ ဘီလူးကို အပါယ်လေးဘုံသားဟု သတ်မှတ်ကာ
ဘုရားတွင် မထားချင်သဖြင့် လည်းကောင်း ဘီလူးမပါဘဲ ပန်းဆွဲကိုချည့်သာ
ထည့်လေ့ရှိသည်ကို သီးခြား မှတ်သား နိုင်ပါသည်။ ) သည်နေရာတွင် ပန်းဆွဲ
၁၆ခု ရှိနေသည်မှာ ရိပ်သာများတွင် ယောဂီများကို တရားစစ်ရာတွင်
အဆင့်သတ်မှတ်သော သောတာပတ္တိ မဂ်ဥာဏ်ဖိုလ်ဥာဏ် မရခင် အခြေခံ ဥာဏ်စဉ်
၁၆ပါးကို ညွှန်းခြင်း

၅. ခါးစည်း ခေါ် ရင်စည်း ၃ချောင်း ထားရခြင်းမှာ မိမိရဲ့ စိတ်နဲ့လုပ်ရပ်ကို
သီလ၊ သမာဓိ၊ ပညာ ဟူသော ထိမ်းကွပ်မှု ၃မျိုးနှင့် ထိန်းကွပ်ရန်
သတိပေးလိုခြင်း

၆. ဖောင်းရစ် (၇)ရစ်မှာ ၀ိသုဒ္ဓိ (၇)ပါးကို ရည်ညွှန်းခြင်း

၇. စေတီတော်ရဲ့ ၁၄ဆင့်မြောက်မှာ ကြာမှောက်ကို ထားခြင်းသည်
တရားအားထုတ်နေသော ယောဂီဖြစ်လျက် သောတာပတ္တိ မဂ်ဥာဏ်ဖိုလ်ဥာဏ် ရခါနီး
ဥာဏ်စဉ် ၁၄ဆင့်မြောက် ရောက်နေစေဦးတော့ သံသရာအတွက် စိတ်မချရသေးဘဲ
ထိုအချိန်တွင် မကောင်းမှုအကုသိုလ်များကို မှောက်မှားစွာ
လုပ်မိနိုင်သေးကြောင်း၊ ထိုသို့လုပ်မိပါက အောက်သံသရာ အပါယ်လေးဘုံသို့
မှောက်မှောက်မှားမှား ပြန်လည်ကျရောက်နိုင်သေးကြောင်း သတိပေးလိုခြင်း

၈. ကြာမှောက်နှင့် ကြာလှန်ကြားရှိ ရွဲလုံးများသည်ကား ဒဿန နယ်ကို
ပြဆိုပြီး ဥာဏ်စဉ် အမှတ် ၁၅နှင့် ၁၆သည် အခြားမရှိ
ချက်ချင်းဖြစ်ပေါ်လေ့ရှိပြီး လောကီသားဘ၀၊ လောကီနယ်မှ လောကုတ္တရာသားဘ၀၊
လောကုတ္တရာနယ်သို့ ကူးပြောင်းခြင်းကို ပြဆိုခြင်း

၉. ကြာလှန်သည် ထို ဥာဏ်စဉ် ၁၆ပါးလုံးကို ရရှိပြီးပါက သောတာပန် ဖြစ်ပြီ
ဖြစ်ပြီး အောက်သံသရာကို ပြန်စရာမရှိတော့ဘဲ အထက် မဂ်ဖိုလ်များကို ရရှိကာ
အလွန်ဆုံးခုနှစ်ဘ၀သာ သံသရာမှာ ကျင်လည်ရပြီး အထက် နိဗ္ဗာန်ကိုသာ
ဝင်စံရသောကြောင့် အထက်သို့လှန်တက်နေသော ကြာလှန်ကို ပုံဥပမာ ပေးထားခြင်း
၁၀. သင်္ကေတ၀ါဒ အရ ကြာပန်းကို ထားရခြင်းမှာ ရေမှာ နွံမှာ ပေါက်ဖွားသော
ကြာပင်ဖြစ်လျက် ရေမစို၊ နွံမလူး၊ မွှေးကြိုင် သင်းပျံ့ခြင်း ရှိသော
ကြာပန်းကဲ့သို့ လောကီနယ်မှ လူသားအဖြစ်မှ လောကုတ္တရာ နယ်သား ဘုရားဖြစ်အောင်
ကျင့်ကြံ အောင်မြင်ရာတွင် ဘုရားနှင့်ကြာပန်း တို့တွင် အဓိပ္ပာယ် ဆင်တူသော
ဂုဏ်ရည်ချင်းကို ဥပမာ ခိုင်းနှိုင်း လိုသောကြောင့် ကြာပန်းကို
သုံးခြင်းဖြစ်ကြောင်း၊ ဂေါတမ မြတ်စွာဘုရား ဗျာဒိတ် ခံစဉ်တွင်လည်း
ကြာပန်းကိုသာ ကပ်လှူခြင်း၊ ဖွားစဉ်ကလည်း ကြာပွင့်များ အလိုလိုပေါ်လာကာ
ခြေချရာတိုင်း ခံလာရခြင်း တို့ကြောင့် ကြာပန်းသည် ဗုဒ္ဓ၏ သင်္ကေတ ဖြစ်ခြင်း၊
၁၁. ထီးတော် (၇) ဆင့်သည် အထက်ဖိုလ် ခုနှစ်ပါးကို ပြဆိုခြင်း
၁၂. ငှက်မြတ်နား ဆိုသည်မှာ ဘုရား၊ ရဟန္တာတို့ လက်ရှိဘ၀မှ နိဗ္ဗာန်သို့
မ၀င်စံမီ (သို့မဟုတ်) ပရိနိဗ္ဗာန် မပြုမီ ခေတ္တခဏ
နားနေရာအချိန်အခိုက်အတန့်ကို ပြဆိုလိုခြင်းဖြစ်ကြောင်း၊ ထို့ပြင်
ရွှေတိဂုံဘုရား၏ ထို ဟင်္သာအမြီးပုံ ငှက်မြတ်နားတွင် ပတ္တမြားကို
ထုလုပ်ထားသော ဘုရားရုပ်ပွားတော် လေးကို မြုပ်နှံဌာပနာ ထားခြင်းသည်
အဓိကသက်သေဖြစ်ကြောင်း၊ ငှက်မြတ်နား ဟုခေါ်ဆိုလေ့ရှိသော်လည်း တကယ်တော့
အများသူငါ တွေးထင်သလို ငှက်မြီးပုံကို ငှက်မြတ်များကို
ကိုယ်စားပြုသည်မဟုတ်ဘဲ နက္ခတ်ဗေဒင် ပညာ တွင် မြန်မာနိုင်ငံကို
ကိုယ်စားပြုသော ဟင်္သာပုံ နက္ခတ်ကို ယူကာ သည်စေတီကို တည်ထားကိုးကွယ်သော
မြန်မာနိုင်ငံသားများ၏ အစွမ်းအစကို သမိုင်းမှတ်တမ်းတင်ရန်လည်းကောင်း၊
ထိုမြန်မာနိုင်ငံသားများရဲ့ ကုသိုလ် အကျိုး အထွဋ်အထိပ် သို့
ရောက်ပါစေခြင်း အကျိုးငှာလည်းကောင်း ဟင်္သာအမြီးသဏ္ဍာန် တည်ထားခြင်း၊
၁၃. စိန်ဖူးတော် သည် အသင်္ခတဓာတ် နိဗ္ဗာန်မြတ်ကို ရည်ညွှန်းခြင်း။
အခြားဓာတ်များကို ကံ၊ စိတ်၊ ဥတု၊ အာဟာရ တို့ဖြင့်
ပြင်လို့ရနိုင်သေးသဖြင့် သင်္ခတဓာတ်ဟုခေါ်ပြီး နိဗ္ဗာန်သည်ကား မည်သို့မျှ
ပြန်လည် ပြုပြင် ပြောင်းလဲမှုမရှိတော့သော ဓာတ်ဖြစ်သဖြင့်
အသင်္ခတဓာတ်ဖြစ်ကြောင်းကို ရည်ညွှန်းခြင်း
(က) ကာဗွန်ဒြပ်စင် သည် မီးသွေး၊ ကျောက်မီးသွေး၊ ဂျာမနီယမ်နှင့်
စိန်ဆိုပြီး လေးဆင့်ရှိရာတွင် စိန်အဆင့်တွင် ကာဗွန်ဒြပ်စင်သည်
အသန့်စင်ဆုံးအဆင့်ရောက်နေပြီဖြစ်သလို သောတာပန်၊ သကဒါဂမ်၊ အနာဂမ်နှင့်
အရဟတ္တ မဂ်ဖိုလ်ရပြီးသူ ဘုရား၊ ရဟန္တာ တို့တွင် ထိပ်ဆုံးအဆင့် ဘုရားသည်
ကိလေသာ လုံးဝစင်ကြယ်ဆုံး အဆင့်ရောက်နေသည်ကို ပြဆိုခြင်း၊
(ခ) အမာဆုံး၊ အသန့်စင်ဆုံးနှင့် ဓာတ်ပြိုကွဲမှု လုံးဝမရှိတော့ခြင်း ဟူသော
ဂုဏ်ရည်တူချင်း ခိုင်းနှိုင်းဥပမာပေးထားခြင်း
သည်နေရာတွင် ငှက်မြတ်နားအဆင့်တွင် အခက်အလက်များမှာ ငှက်မြီးသဖွယ်
ဖြာထွက်နေသော်လည်း စိန်ဖူးတော်ကို ဘာကြောင့် တလုံးတည်း ထားသနည်းဟူသော
မေးခွန်းရှိလာပါသည်။ ရဟန္တာ ကိုယ်တော် ကြီး များသည်ကား အချင်းချင်းတွင်
ဘုန်းချင်း၊ တန်ခိုးချင်း၊ ပညာချင်း၊ လာဘ်လာဘချင်း မတူညီဘဲ သံသရာတွင်
သူတို့အသီးသီး ပြုခဲ့ကြသော အကျိုးပေး အားလျော်စွာ ကွဲပြားခြားနား
ကြသော်လည်း နိဗ္ဗာန်သို့ ၀င်စံတော်မူကြသည့် အခါတွင်ကား တူညီသော တခုတည်းသော
အသင်္ခတဓာတ်သို့သာ သက်ရောက်ကြသဖြင့် စိန်ဖူးတော်ကို တစ်ဆူတည်း
ထားခြင်းဖြစ်လေသည်။
၁၄. အထက်ပါအချက်များနဲ့ ပြည့်စုံပါက ထေရ၀ါဒ ဗုဒ္ဓဘာသာရဲ့ နည်းစနစ်ဖြင့်
မဟာ သတိပဌာန သုတ္တန် ရဲ့ စံချိန်စံညွှန်းများနဲ့ ဆောက်လုပ် တည်ထား
ကိုးကွယ်သော စေတီဖြစ်ပြီး စေတီ တည်ရခြင်း အကြောင်း အနှစ်တရား များကို
သိရှိပြီး ကြည်ညို ပူဇော်ပါက အဖိုးမဖြတ် နိုင်သော အကျိုးကျေးဇူးတရားများ
ခံစားကြ ရမည် ဖြစ်လေသည်။ သို့သော် အထက်ပါ အချက်များနဲ့ မပြည့်စုံသော
စေတီဖြစ်ပါက ဓာတ်ရိုက် ဓာတ် ဆင်၊ ယတြာ၊ အထက်လမ်း၊ အစီအရင်များနဲ့
တည်ထားသော စေတီ မျှသာ ဖြစ်ကြောင်း သိရှိ နိုင်ပါသည်။ ထိုစေတီ များကို
ဖူးမြော်ပါက စီရင်သူရဲ့ ရည်ရွယ်ချက်နှင့် ဖူးမြော်သူရဲ့ စိတ်စေတနာ
အလိုက်သာ အကျိုး ပေးမည်ဟု မှတ်ယူ နိုင်မည် ထင်ပါသည်။
ထို့ပြင် ဘုရားများတွင် တွေ့ရလေ့ရှိသော တိုင်ထိပ်တွင် ဟင်္သာနားနေဟန်
တံခွန်တိုင်အကြောင်းကိုလည်း ရှာရှာဖွေဖွေ သိလိုက်ရသည်။
မာနတံခွန်တက်နေသူများ ဘုရားထံမှောက် ရောက်လိုလျှင် မာနကို အရင်ချ ခဲ့ရန်
သတိပေးခြင်းဖြစ်ပြီး ရှေးခေတ်က ဘုရားသို့ လာသူများသည် တံခွန်တိုင်ကို
မြင်သည့်အရပ်မှ စတင် ကာ မာနချသည့်အနေဖြင့်ရော အရိုအသေ ပေးသည့် အနေဖြင့်ပါ
ဖိနပ်ချွတ်ခဲ့လေ့ရှိကြောင်း၊ မာနခံနေပါက တရားမရနိုင်ကြောင်း၊
မာနစွဲကြီးသူသည် သက္ကာယဒိဌိခေါ် ငါစွဲကြီးသော သူများ ဖြစ်သောကြောင့် ငါစွဲ
ပေါ်တွင်သာ မာနတက်လို့ ရသောကြောင့် မာနကြီးသူသည် တရားရဖို့ ခဲယဉ်းကြောင်း၊
ယင်းမာနကို ဘုရားပေါ်မရောက်ခင် အဝေးကတည်းက သတိပေးသည့် အနေဖြင့်
တံခွန်တိုင်ကို မြင့်မြင့် တည်ထားခြင်း ဖြစ်ကြောင်း သိရလေသည်။
ထိုမျှမကသေးပါ.. စေတီတော်မှ ညွှန်ပြသော သင်္ကေတများမှ ဟောပြောနေသော
တရားတော်များကို ဆင်ခြင် နှလုံးသွင်း နိုင်ပါက ပါရမီ ရင့်သန်သူ ဖြစ်ပါက
ဘုရားဖူးရင်းပင် နိဗ္ဗာန်ရနိုင်ကြောင်း ဆရာတော်က ဆက်ဟောပါသည်။
ဖြစ်နိုင်လောက်ပါသည်။ ဒါကြောင့်လည်း
ဘုရားသို့မှန်း ခြေတလှမ်း သိန်းသန်းမကထိုက်
လှူသူ၊ ဖူးသူ၊ ပေးဝေသူ နတ်လူ ဘုံသို့ဆိုက် ဟု လင်္ကာလေး ထားခဲ့ခြင်း ဖြစ်တန်ရာပါသည်။
သည်လောက်တောင် စေတီရဲ့ အစိတ်အပိုင်း တစ်ခုချင်းစီ အတွက်ရော
အားလုံးခြုံငုံပြီးပါ အနှစ်ပါပါ အဓိပ္ပာယ်ရှိရှိ ပုံသဏ္ဍာန်များကို
ရွေးချယ်စီစဉ်နိုင်သော ရှေးမြန်မာကြီးများရဲ့ သင်္ကေတ ၀ါဒကို
အံ့သြချီးကျူးလို့ မဆုံးနိုင်တော့ပါချေ။ ထို အဟောင်းများရဲ့ အနှစ်များကို
မသိပါဘဲ လျက်ဖြစ်စေ၊ သိလျက်နဲ့ ဖြစ်စေ ငါက အသစ်ထွင်တယ် ဆိုသော စကားကို
လက်ကိုင်ပြုပြီး အဟောင်းကို ဖျက်ဆီးကာ အသစ်ထွင်ခြင်း၊ အဟောင်းနဲ့ အသစ်ကို
ရောခြင်းများကို ပညာမဲ့ပီပီ ပြုလုပ်နေကြသူ တချို့ကို တွေ့တိုင်း
စိတ်မကောင်း ဖြစ်ရပါသည်။ သူတို့စိတ်ထဲတွင်တော့ သမိုင်းတွင်
ငါ့ထက်တော်သူမရှိစေရ၊ ငါက သမိုင်းကို ဖျောက်ချင်သလို၊ ပြင်ချင်သလို
ပြင်နိုင်သည်ဟု တလွဲမာနရှိဟန်တူလေသည်။ ပညာရှင်တို့ စိတ်ထဲတွင်တော့
အ၀ီစိကျမည့် သမိုင်းတရားခံများ ဟု သာ သတ်မှတ်ကာ သနားလေမည်။ အဟောင်းရဲ့
အနှစ်သာရ ကို အရင်လေ့လာပြီး အဟောင်းရဲ့ အနှစ်သာရ ထက်သာသော အသစ်ကို
ထွင်နိုင်ပါမှ တိုးတက်ခြင်း အစစ် အဖြစ်ကြီး ဖြစ်ပေမည်။ သို့မဟုတ်ပဲ
အသစ်ဖြစ် ပြီးရော လျှောက်လုပ်လျှင်ကား အသုံးမကျ လှသော
အစုတ်ပလုတ်များနှင့် သည်လို လျှောက်လုပ်ရင် အစုတ်ပလုတ်တွေ ဖြစ်ကုန်တတ်တယ်
ဟု ဥပမာ ပြစရာများသာ ကျန်ခဲ့မည် ကိုလည်း သတိတရား ရလိုက်ပါသည်။
ကျေနပ်သွားသော စိတ်ကို ပြန်လည် သတိထားရင်း တရားတော်ကို ဟောပြသော
ဆရာတော်ကို လည်းကောင်း တရားဆုံးအောင် နာလိုက်ခွင့်ရသော မိမိရဲ့
ကုသိုလ်ကံကို ကျေးဇူးတင်လိုက်မိသည်။ ခုလို သူငယ်ချင်းများနဲ့ စာဖတ်သူ
များကိုပါ ဝေငှခွင့်ရမှုကို ပိုလို့ပင် ကျေးဇူး တင်မိသည်။ ကျွန်မ အတွက်
ကတော့ သည်နေ့ကစပြီး ဘုရားကို အနှစ်ပါပါ နှလုံးသားနှင့် ဖူးတတ်ပါပြီ ဟုသာ
ပြောချင်ပါသည်။ ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုး စာဖတ်သူ များလည်း သိပြီးသား
ဆိုလျှင်ဖြင့် အဖော်ရသည်မို့ ၀မ်းသာစွာ လက်ဆင့်ကမ်း ကြိုဆိုလိုက်ပါသည်။
မသိသေးသူများ ဘုရားကို နှလုံးသားဖြင့် အနှစ်ပါပါ အသိတရား အပြည့်ဖြင့်
ဖူးမြော် နိုင်ကြအောင် သည်ဆောင်းပါးကို ရေးသား ဝေမျှရသော ကုသိုလ်ရဲ့
အဖို့ဘာဂ ကို စာဖတ် သူ ပရိသတ်ကို လည်း ကောင်း၊ သည်လို မြန်မာစာ၊
ယဉ်ကျေးမှု၊ သာသနာတို့ အဓွန့်ရှည် တည်တံ့ ကျန်ရစ်အောင် မြန်မာ့
ယဉ်ကျေးမှုတွေ ပပျောက် မသွားအောင် ထိန်းသိမ်းခွင့်ကို အသက် ပေးကာ
လွတ်လပ်ရေး အတွက် တိုက်ယူ ပေးခဲ့ကြသော အာဇာနည် ခေါင်းဆောင်ကြီး ၉ဦး
အပါအ၀င် အာဇာနည်များ အားလုံးကို လည်းကောင်း၊ ၃၁ဘုံတွင် ကျင်လည်ကုန်သော
ဝေနယျ သတ္တ၀ါများ အားလုံးကို လည်းကောင်း အမျှ ပေးဝေပါသည်။ အမျှရပြီး
နိဗ္ဗာန်သို့ မျက်မှောက်ပြု နိုင်ကြပါစေ။

No comments:

Post a Comment