ကျွန်တော်ရဲ့ blog လေးကို ကျွန်တော်သိသမျှ တတ်သမျှ ဖတ်မိ၊မှတ်မိသမျှ

ကိုအားလုံးကိုမျှဝေလိုတဲ့ ဆန္ဒလေးနဲ့လုပ်ဖြစ်တာပါ.
ကျွန်တော့်ရဲ့ post မှာ သုတ၊ရသ၊ ပညာနှင့် စာပဒေသာဆိုပြီး(၄)ပိုင်း ခွဲထားပါတယ်.
သုတမှာ သိမှတ်ဖွယ်ရာအဖြာဖြာကို ဖော်ပြထားပါတယ်.
ရသမှာတော့ ခံစားမှု တစုံတရာပေးစွမ်းနိုင်မဲ့ စာတွေကဗျာတွေဖော်ပြပေးထားပါတယ်.
ပညာမှာတော့ ဘာသာရပ်ဆိုင်ရာ တွေကိုဖော်ပြထားပြီး
စာပဒေသာမှာတော့ ဟာသ၊ဗေဒင် စတဲ့ ကဏ္ထ စုံကို ဖော်ပြထားမှာပါ.

ဆရာကြီး မင်းသုဝဏ်ရဲ့ 'စု၊တု၊ပြူ' မူအတိုင်း စု ဆောင်းထားသမျှ
တခြားသူများရဲ့စာများနှင့် သူတို့ရဲ့ စာတွေကို အတု ယူပြီး ကိုယ်တိုင်ပြု စုထားတဲ့စာတွေအစုံပါဝင်မှာပါ.
တခြားသူများရဲ့ စာတွေကိုဖော်ပြတဲ့အခါ မူရင်းရေးသူအမည်သိလျှင်
ဖော်ပြပြီး မသိခဲ့ရင်တော့ 'ဖတ်မိသမျှ၊မှတ်မိသမျှ'လို့ပဲရေးပေးထားပါမယ်.
မူရင်းရေးသူအမည်သိလျှင်လည်းပြောပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်

ဝင်ရောက်ဖတ်ရှုသောသူငယ်ချင်းများ စာပေရောင်းရင်းများ အားလုံးကို ကျေးဇူးတင်စွာဖြင့်
ဝင်းသုမွန်
(ကြိုက်တာတွေ့ရင် ကူးယူနိုင်ပါသည်။ဖတ်ဖြစ်ဖို့သာလိုရင်းပါ)

Thursday, July 29, 2010

ဘ၀အောင်မြင်တိုးတက်ဖို့အတွက်

ရိုးတော့ရိုးပါ.မ အ ပါနဲ့
ယုံသင့်တာယုံပါ. အကန်းယုံမဖြစ်စေနဲ့
သုံးတော့သုံးပါမဖြုန်းပါနဲ့
လှူတော့လှူပါ.ဥာဏ်အမြင်မကန်းပါနဲ့
ဆုတောင်းချင်ဆုတောင်းပါ .အလုပ်လုပ်ဖို့ မမေ့ပါနဲ့
သူများတွေကိုမကြည်ညိုရင်နေ.ကိုယ့်ကိုကိုယ် အကြည်ညိုမမဲ့လေနဲ့

ဒီစာသားလေးကဆရာမတယောက်ရဲ့လက်စွဲဆောင်ပုဒ်လေးပါ.မူရင်းရေးသားသူက ဆရာမကိုယ်တိုင်လား.တခြားရေးသားသူလားကျွန်တော်မသိပါဘူး
ဒါပေမဲ့တွေးလေမှန်လေပါပဲ..ဒါကြောင့်မျှဝေလိုက်တာပါ.

ရိုးတော့ရိုးပါ.မ အ ပါနဲ့
အမှန်ပါပဲ.လူတောင်တော်များများကရိုးတာနဲ့အတာကိုတတွဲထဲထင်နေတတ်ကြပါတယ်.မဟုတ်ပါဘူး. ရိုးတယ်ဆိုတာ ရိုးသားခြင်းကို ဆိုလိုတာပါ.ရိုးသားခြင်းရဲ့ အနှစ်သာရက သစ္စာရှိခြင်း၊ကံ(၅)ပါးလုံခြင်းလို့ နားလည်မိပါတယ်.
အတယ်ဆိုတာက အရိပ်အခြေမသိတာ.နားမလည်တာ.အကင်းမပါးတာကိုဆိုလိုတာပါ. လည်တယ်ဆိုတဲ့မြန်မာစကားကို လူတွေကြောက်ကြပါတယ်. ကိုယ့်ကိုလည်တယ်ပြောရင် စိတ်ဆိုးတတ်ကြပါတယ်. အမှန်လည်တယ်ဆိုတဲ့
အဓိပယ်က လူရည်လည်ခြင်းပါ.လူရည်လည်ခြင်းဆိုတာက အကင်းပါးခြင်း.နားလည်ခြင်း တတ်ကျွမ်းခြင်းလို့ ဆိုလိုတာပါ. လူလောကမှာနေမှတော့ လူရည်လည်ရပါမယ်.လူအကြောင်းအကောင်းအဆိုးသိရပါမယ်.ကိုယ်နဲ့ပေါင်းသင်း
နေတဲ့သူတွေဟာ လူကောင်းလားလူဆိုးလား.နားလည်ခြင်း တတ်ကျွမ်းခြင်း ခွဲခြားနိုင်တဲ့အရည်အချင်း ရှိရပါမယ်.လူကောင်းလူဆိုးကို ဘယ်လိုခွဲခြားမလဲ.အကြမ်းဖျင်းတော့ ကိုယ့်ပေါ်ကောင်းရင်လူကောင်း.ကိုယ့်ပေါ်ဆိုးရင်လူဆိုးလို့သတ်မှတ်ကြပါတယ်.
ဒီမှာတဆင့်တက်လို့ လူအဖွဲ့အစည်းပေါ်ကောင်းရင်လူကောင်း.လူအဖွဲ့အစည်းပေါ်ပေါ်ဆိုးရင်လူဆိုး.တခါတဆင့်တက်ပြန်တော့ ဘာသာတရားတိုင်းရဲ့ အဆုံးအမ ကျင့်ဝတ်တွေကို ဖောက်ဖျက်ရင် လူဆိုး လိုက်နာရင် လူကောင်းလို့သတ်မှတ်
ကြပါတယ်.ဒီတော့ လူလုပ်နေရတဲ့လူတယောက်အဖို့ လူကောင်းလူဆိုး.သတ်မှတ်မှုက ကိုယ်ပိုင်စံနဲ့ ပဲဆိုင်ပါတော့တယ်.ဘယ်လိုပဲသတ်မှတ်ပါစေ ကိုယ်စံနဲ့ ကိုယ် လူဆိုးတွေကို ရှောင်နိုင်ဖို့က ကိုယ်က လည်မှ.တနည်းအားဖြင့်လိမ်မာပါးနပ်ဖို့လိုပါတယ်.
လူ့ဘ၀မှာ ကြုံလာတဲ့ ရလာတဲ့ အခွင့်အရေးတိုင်းကို အသုံးချရပါမယ်. ဒီလို အသုံးချတဲ့အခါ သူတပါးကို နင်းပြီးကိုယ်ကတက်သွားတာ မဖြစ်ဖို့ ဂရုပြုရမှာဖြစ်သလို ကိုယ်က သူတပါးရဲ့လှေခါးမဖြစ်အောင်လဲ သတိထားရပါမယ်.
လူတိုင်းက ကိုယ့်ဘ၀ကိုယ်လျှောက်. ကိုယ့်သမိုင်း ကိုယ်ရေးနေကြတာဖြစ်လို့ သူတပါးနဲ့ပြိုင်ဆိုင်နေစရာမလိုပါဘူး . ကံဆုံလို့တွေ့ပြီး ကံကုန်တော့လည်းခွဲရတာပါပဲ.ခဏတာကြုံတဲ့သူတွေကို ပြိုင်မနေပါနဲ့.ယှဉ်ပြိုင်မှုတိုင်းမှာ အနိုင်နဲ့အရှုံး (၂)ခုပဲရှိပါတယ်.
ကိုယ်နိုင်ရင် ပြုံးဖို့ ကျေနပ်ဖို့လိုသလို အရှုံးရှိလာရင်လည်း လက်ခံရဲတဲ့ သတ္တိရှိအောင် ကိုယ့်စိတ်ကိုကိုယ်လေ့ကျင့်ထားရပါမယ်.ဘယ်သူဖြစ်ဖြစ်ဘယ်လောက်တော်တော် လေ့ကျင့်ရေးသတ္တ၀ါတွေပါပဲ.
ကိုယ့်ကိုကိုယ်ပဲပြိုင်ပါ. မနေ့ကငါထက်ဒီနေ့ငါဟာ တိုးတက်သွားဖို့လိုအပ်ပါတယ်. ကိုယ်သွားမဲ့လမ်ူကိုသေချာသိဖို့ ပန်းတိုင်အရောက်လှမ်းဖို့က လူသားတွေရဲ့ သမိုင်းပေးတာဝန်ပါပဲ.အဲ..ကိုယ့်လမ်းကိုယ်လျှောက်နေတုန်းမှာတော့ သူများက ကိုယ်လမ်းကို ၀င်မနှောက်အောင် အမြဲသတိရှိဖို့လိုအပ်ပါတယ်.ဒါကြောင့် ရိုးသားမှုတော့ရှိပါစေ မအကြပါနဲ့.


ယုံသင့်တာယုံပါ. အကန်းယုံမဖြစ်စေနဲ့
လူတိုင်းရဲ့နေ့စဉ်ဘ၀တွေကို သူတပါးဆီက ရရှိတဲ့ အတင်းတွေသတင်းတွေနဲ့ ဖြတ်သန်းနေရတာပါ. အလုပ်အတွက် ဘ၀ရဲ့ ရှင်သန်နေထိုင်ဖို့အတွက် ဒီ အတင်းတွေသတင်းတွေက လိုကိုလိုအပ်ပါတယ်. ဒါပေမဲ့ ရလာတဲ့ သတင်းတွေကို
အကုန် အမှန်လို့မယုံလိုက်ပါနဲ့.တခါတလေ ပုဂ္ဂိုလ်ခင်လို့ တရားမင် ဆိုတဲ့အတိုင်း ကိုယ်ခင်တဲ့သူပြောသမျှ အမှန်လို့မှတ်တတ်ကြပါတယ်.ဒီအခါမှာ သတင်းအမှားကိုယုံမိတာနဲ့ ဆုံးဖြတ်ချက်အမှား.အလုပ်အမှားတွေဆက်တိုက်ဖြစ်လာပါတော့တယ်
နောက်ကြောဓားထိုးခံရတယ်ဆိုတာ ဒါကိုပြောတာပါ. ဒါကြောင့် ရလာတဲ့ သတင်းတိုင်းကို မှန်မမှန်ကိုယ်ပိုင်ဥာဏ်နဲ့ခွဲခြားစိပ်ဖြာပြီးမှ ယုံကြပါ.ယုံသင့်တာယုံပါ. အကန်းယုံမဖြစ်စေနဲ့

သုံးတော့သုံးပါမဖြုန်းပါနဲ့
အမှန်ပါပဲ.အသုံးနဲ့အဖြုန်းကိုခွဲခြားသိသူက ခုမချမ်းသာသေးလဲနောက်ချမ်းသာလာမဲ့သူဌေးလောင်းပါပဲ.လိုအပ်တာအတွက် ငွေကုန်ကြေးကျခံတာကို သုံးတယ်ခေါ်ပြီး မလိုအပ်တာအတွက် အကုန်ခံတာ. အပိုကုန်တာကို ဖြုန်းတယ် ဆိုကြတာပါပဲ
သုံးတာနဲ့ဖြုန်းတာလည်း ကိုယ်ပိုင်စံသတ်မှတ်မှုနဲ့ဆိုင်ကြပါတယ်.(ဥပမာ- မိန်းကလေးတွေဆံပင်ဖြောင့်တာကို ယောင်္ကျားလေးတွေကအဖြုန်းလို့မြင်တတ်ကြသလို ယောင်္ကျားလေးတွေဂိမ်းကစားတာကိုလည်း မိန်းကလေးတွေက ဖြုန်းတီးတာလို့မြင်တတ်ကြပါတယ်)
ဖြုန်းတီးမှုထဲမှာအဆိုးဆုံးက အချိန်ဖြုန်းတီးမှုပါ . ပိုင်ဆံဖြုန်းတီးမိတာက ပြန်ရှာရနိုင်ပေမဲ့ ကုန်လွန်သွားတဲ့အချိန်တွေကိုတော့ပြန်မရနိုင်ပါဘူး. လူတွေကကိုယ့်ကိုကိုယ် အချိန်တွေအများကြီး ပိုင်ဆိုင်တယ်ထင်တတ်ကြပါတယ်.အမှန်ကလူတိုင်းရဲ့ ရှင်သန်ရမဲ့အချိန်ကန့်သတ်ချက်ကို
ကိုယ်ကိုတိုင်တောင်မသိနိုင်ကြပါဘူး.ဒီကိုယ်မသိနိုင်တဲ့ကန့်သတ်ချိန်ထဲမှာ ကိုယ်လုပ်ချင်တာတွေ.ဖြစ်ချင်တာတွေကို ပြီးအောင်လုပ်နိုင်ဖို့က အချိန်ကိုမဖြုန်းပါနဲ့ .သုံးပါ.ကျွန်တော့်အမေပြောဖူးပါတယ် ."ကုသိုလ်.ပညာ.ဥစ္စာ ဒီ (၃)မျိုးထဲက တခုမှမရပဲ တနေ့တာမကုန်လွန်ပါစေနဲ့.
တခုမှမရပဲတ၇က်ကုန်ခဲ့ရင် ဒီတရက် အတွက်ကိုယ်ဟာ ဆန်ကုန်မြေလေးပဲ.ကိုယ်ရဲ့ တရက်တာအချိန်ကို ဘာတခုမှမရပဲကုန်တာဟာ ဒီတ၇က်အတွက်အချိန်ဖြုန်းတာပဲ". တဲ့ .ဒီတော့ ကိုယ်ပိုင်နေ့ရက်တိုင်းကို အကျိုးရှိစွားသုံးနိုင်ပါစေ.
(ပညာဆိုတာမှာလည်း လူတော်တော်များများက ပညာဆိုတာနဲ့ဘွဲ့.ဒီဂရီတွေကိုပြေးမြင်တတ်ကြပါတယ်.အမှန်ကလောကမှာ လူမှုရေးပညာ.စီးပွားရေးပညာ.အသက်မွေးဝမ်းကျောင်းပညာ.သိမှုတတ်မှုတခုခုတိုင်းကိုပညာခေါ်တာပါပဲ.)

လှူတော့လှူပါ.ဥာဏ်အမြင်မကန်းပါနဲ့
လူတိုင်းကလှူဒါန်းတာကို ကောင်းမှုလုပ်တာမှန်းသိကြပါတယ်.ဒါပေမဲ့ ကိုယ်လုပ်လိုက်တဲ့ အလှူက ထိရောက်မှုရှိမရှိကိုတော့ပြန်သုံးသပ်ဖို့လိုပါတယ်.နိဗာန်န ပစ္စယော ဟောတုဆိုတာ က ကိုယ်လှူဒါန်းမှုကို စိတ်ပြတ်အောင် ဟောတာပါ.လှူဒါန်းမှု အကျိုးသက်ရောက်ရှိမရှိ ပြန်မကြည့်ခိုင်းတာမဟုတ်ပါဘူး.မြန်မာတော်တော်များများကစိတ်ထားကောင်းလွန်းတော့ ကိုယ်လှူပြီး ပြီးပြီ အလှူခံတဲ့သူ ဘာလုပ်လုပ် မကြည့်တတ်ပါဘူး.ကိုယ်လုပ်တာကိုယ့်ကုသိုလ်.သူမဟုတ်တာလုပ် ရင် သူ့ အကုသိုလ် လို့တွေးပြီး နေတတ်ကြတာပါပဲ.
အမှန်ကကိုယ်မလှူခင်တည်းက ဘယ်မှာလှူရင်ကောင်းမလဲ ဆိုတာကို အရင်ေ၇ွးသင့်ပါတယ်.ဆိုလိုတာက ဘယ်မှာတကယ်လိုအပ်နေတာလဲ ဆိုတာကြည့်ရပါတယ်.တကယ်လိုနေတာကိုဖြည့်ပေးလိုက်မှ သူ့အတွက်လည်းအကျိုးရှိမှာပါ.လှူပြီးလို့ရှိရင်လည်း ကိုယ့်အလှူနဲ့
ပတ်သက်ပြီး ပြန်သုံးသပ်ပေးပါ. ကိုယ့်အတွက်ကော အလှူခံဖက်ပါ အကျိုးရှိဖို့လိုပါတယ်.ဒါကြောင့်လှူတော့လှူပါ.ဥာဏ်အမြင်မကန်းပါနဲ့

ဆုတောင်းချင်ဆုတောင်းပါ .အလုပ်လုပ်ဖို့ မမေ့ပါနဲ့
လုတိုင်းကကံ ကိုယုံကြည်တတ်ကြပါတယ်. တခုခုမကောင်းတာဖြစ်လာရင် ကံမကောင်းဘူးပြောတတ်ကြတယ် .အမှန်က ကံဆိုတာအလုပ်ပါ. ခုကြုံတွေ့နေရတဲ့ကောင်းခြင်းမကောင်းခြင်းဆိုတာက အတတ်ကကိုယ်ပြုခဲ့တဲ့ကံ.တနည်းအလုပ်တွေကြောင့်ပါ.ခုပြုလုပ်တဲ့အလုပ် (ကံ)ရဲ့
အကျိုးက အနာဂတ်မှာခံစားစံစားရမှာပါ. လူဆိုတာမျှော်လင့်ချက်နဲ့အသက်ရှင်တာပါ.လူတိုင်းမှာ မျှော်လင့်ချက် ဆန္ဒတစုံတခုတော့ရှိမြဲပါ. ဒီ ဆန္ဒတစုံအတွက် ဆုတောင်းမှုပြုတတ်ကြစမြဲပါ. ဆုတောင်းမှုပြုတာကလည်းလူတွေရဲ့ လူသားပီသတဲ့ အကျင့်တခုပါပဲ.တခါတလေလူတွေက
ဆုတောင်းပေမဲ့အလုပ်လုပ်ဖို့ကိုတော့မေ့နေတတ်ကြပါတယ်. ဥပမာ- ထီပေါက်ဖို့ ဆုတေင်းတတ်ပေမဲ့ ထီ မထိုးမိတာမျိုးပါ.ဒါကြောင့်ဆုတောင်းချင်ဆုတောင်းပါ .အလုပ်လုပ်ဖို့ မမေ့ပါနဲ့

သူများတွေကိုမကြည်ညိုရင်နေ.ကိုယ့်ကိုကိုယ် အကြည်ညိုမမဲ့လေနဲ့
မိမိကိုယ်သာကိုးကွယ်ရာတဲ့. မိမိကိုယ်ကို မိမိမှ မယုံကြည်ရင် ဘယ်သူက ကိုယ့်ကိုလာယုံတော့မှာလဲ.နောက်တခုကတော့ ကိုယ့်အကြောင်းကို ကိုယ်အသိဆုံးပါ.မိမိနဲ့အရင်းနှီးဆုံး မိမိအကြောင်းအသိဆုံးကတော့မိမိကိုယ်တိုင်ပါပဲ.ဆိုလိုတာက လူတိုင်းမှာ အခြေအနေတိုင်းအတွက် သတ်မှတ်မှုစံတွေရှိကြပါတယ်.(ဥပမာ- အရက်သောက်တာကို social drinkingလို့ စံသတ်မှတ်သူအတွက် ဒါဟာသူအပြစ်ကျူးလွန်တာမဟုတ်ပါဘူး.အရက်သောက်တာကို အပြစ်ကြီးလို့သတ်မှတ်သူအတွက်ကျပြန်တော့ အပြစ်ဖြစ်နေတတ်ပါတယ်) ဘယ်လိုပဲဖြစ်ပါစေ..ကိုယ်ရဲ့ သတ်မှတ်ချက်စံနဲ့ အညီအပြစ်တွေကို ကိုယ်လုပ်မိတာ.ကောင်းမှုတွေကိုကိုယ်လုပ်မိတာ ကိုယ် သာအသိဆုံးပါ. ဒီအခါ မိမိကိုယ်ကို ကြည်ညိုမိတာ အထင်သေးမိတာ တွေဖြစ်လာပါတော့တယ်. တချို့ ပြောတတ်ကြပါတယ် .ကိုယ့်ကိုယ့်ကိုမုန်းတယ်ဆိုတာမျိုး.အားမရဘူး.မကျေနပ်ဘူးဆိုတာမျိုး.ဒီလိုဖြစ်လာတာဟာ ကိုယ်သတ်မှတ်တဲ့ ကိုယ်စံနဲ့ ကိုယ်ဟာ ကြည်ညိုစရာမရှိလို့ပါ.တခါတလေလူတွေကစံတွေကိုအမြင့်ကြီးထားတတ်ကြပါတယ်.ဒီအခါ ကိုယ့်စံနဲ့ မကိုက်တာနဲ့ ကိုယ့်ကိုကိုယ် အကြည်ညိုမဲ့လာပါတယ်.ဒါကြောင့်ကိုယ်ကိုကိုယ် ကြည်ညိုအောင် ကိုယ်လုပ်နိုင်တဲ့အတိုင်းအတာ(ကိုယ့်ကိုကိုယ်သိဖို့)လိုပါတယ်.နောက် ရောင့်ရဲတင်းတိမ်စိတ်ရှိဖို့နဲ့ ကိုယ်လုပ်နိုင်ခဲ့တဲ့ကောင်းမှုလေးတွေအတွက်.အောင်မြင်မှုလေးတွေအတွက် တခြားသူတွေကဘယ်လိုမြင်ပါစေ.ကိုယ်ကိုကိုယ် ပြန်ဂုဏ်ပြုဖို့မမေ့ပါနဲ့.သူများကကိုယ့်ကို မကြည်ညိုချင်နေပါစေ.ကိုယ်ကိုကိုယ် ကြည်ညိုနိုင်အောင် နေဖို့က ပိုအရေးကြီးပါတယ်.မိမိကိုယ်ကိုယုံကြည်မှုဆိုတာ ကိုယ်ကိုကိုယ် ကြည်ညိုမှုနဲ့ ဒွန်တွဲနေတာပါ.မိမိကိုယ်ကိုယုံကြည်မှုရှိမှလည်း ဘ၀ရဲ့ အချိုးအကွေ့တွေကိုရင်ဆိုင်နိုင်မှာပါ.ဒါကြောင့် ကိုယ်တကယ်မသိတဲ့ သူတပါးကို မကြည်ညိုချင်နေပါစေ မိမိကိုယ်ကို ကြည်ညိုအောင် တော့ကြိုးစားရပါမယ်.ဒါကြောင့် သူများတွေကိုမကြည်ညိုရင်နေ.ကိုယ့်ကိုကိုယ် အကြည်ညိုမမဲ့လေနဲ့

ဝင်းသု

No comments:

Post a Comment