ကျွန်တော်ရဲ့ blog လေးကို ကျွန်တော်သိသမျှ တတ်သမျှ ဖတ်မိ၊မှတ်မိသမျှ

ကိုအားလုံးကိုမျှဝေလိုတဲ့ ဆန္ဒလေးနဲ့လုပ်ဖြစ်တာပါ.
ကျွန်တော့်ရဲ့ post မှာ သုတ၊ရသ၊ ပညာနှင့် စာပဒေသာဆိုပြီး(၄)ပိုင်း ခွဲထားပါတယ်.
သုတမှာ သိမှတ်ဖွယ်ရာအဖြာဖြာကို ဖော်ပြထားပါတယ်.
ရသမှာတော့ ခံစားမှု တစုံတရာပေးစွမ်းနိုင်မဲ့ စာတွေကဗျာတွေဖော်ပြပေးထားပါတယ်.
ပညာမှာတော့ ဘာသာရပ်ဆိုင်ရာ တွေကိုဖော်ပြထားပြီး
စာပဒေသာမှာတော့ ဟာသ၊ဗေဒင် စတဲ့ ကဏ္ထ စုံကို ဖော်ပြထားမှာပါ.

ဆရာကြီး မင်းသုဝဏ်ရဲ့ 'စု၊တု၊ပြူ' မူအတိုင်း စု ဆောင်းထားသမျှ
တခြားသူများရဲ့စာများနှင့် သူတို့ရဲ့ စာတွေကို အတု ယူပြီး ကိုယ်တိုင်ပြု စုထားတဲ့စာတွေအစုံပါဝင်မှာပါ.
တခြားသူများရဲ့ စာတွေကိုဖော်ပြတဲ့အခါ မူရင်းရေးသူအမည်သိလျှင်
ဖော်ပြပြီး မသိခဲ့ရင်တော့ 'ဖတ်မိသမျှ၊မှတ်မိသမျှ'လို့ပဲရေးပေးထားပါမယ်.
မူရင်းရေးသူအမည်သိလျှင်လည်းပြောပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်

ဝင်ရောက်ဖတ်ရှုသောသူငယ်ချင်းများ စာပေရောင်းရင်းများ အားလုံးကို ကျေးဇူးတင်စွာဖြင့်
ဝင်းသုမွန်
(ကြိုက်တာတွေ့ရင် ကူးယူနိုင်ပါသည်။ဖတ်ဖြစ်ဖို့သာလိုရင်းပါ)

Friday, May 14, 2010

ရင်ဝယ်ခံစား ကဗျာများ(ကိုယ်တိုင်ရေးကဗျာများ)

မင်းအတွက်...ငါ

မင်းပန်ချင်သည်ဖြစ်စေ
မပန်ချင်သည်ဖြစ်စေ..
မင်းအတွက်ကလွဲရင်
ဒီပန်းဟာ နောက်ထပ် ပွင့်လာမှာမဟုတ်ဘူး.....

မင်းခိုချင်သည်ဖြစ်စေ
မခိုချင်သည်ဖြစ်စေ
မင်းအတွက်ကလွဲရင်
ဒီအရိပ်ဟာ
ခိုလှုံသူမည်သူ့ကိုမှ လက်ခံမှာမဟုတ်ဘူး....



မင်းစိုချင်သည်ဖြစ်စေ
မစိုစေချင်သည်ဖြစ်စေ
ဒီ ကွက်ကြား မိုးဟာ
မင်းအတွက်ကလွဲရင်
တခြားသူအတွက် ရွာသွန်းမှာမဟုတ်ဘူး

မင်းလိုချင်သည်ဖြစ်စေ
မလိုချင်သည်ဖြစ်စေ
မင်းအတွက်ကလွဲရင်
ဒီလူဟာ နောက်ထပ် လူကိုပါရမီဖြည့်မှာမဟုတ်ဘူး။

9.5.10 ( ဒဂုံ တက္ကသိုလ်ဆိုဒ်)တွင် တင်ထားသည်။
................................

မိုးမြေနေလ
သက်သေပြဆို
ချစ်တယ် ကို........

................................
အိမ်လွမ်းသူ
ပျော်ရာမှာမနေ တော်ရာမှာနေရတဲ့
လူ့ဘ၀ဓမ္မတာအရ
ဝေးခဲ့ရသည်
မြန်မာပြည်။ ။

ဒီမှာလေ....
ဒိုးနပ်(စ်)တွေ ဘယ်လိုကောင်းတယ်ပြောပြော
တန်းလက်ရည်ရွဲရွဲ မုန့်လက်ကောက်ပဲ
စားချင်ရက် စက်စက်ယို
သွားရေတောင်စိုတယ်.။

တားကစ် ဘရက်နဲ့ ဒစ်(စ်)တွေက
ဘယ်လိုနာမည်ကြီးတယ်ပြောပြော
သဲတော်မုန့်ကြွတ်လောက် ငါမမက်ဘူး။

ထိုင်းကလာဆာ၊အီတလီပီဇာတွေ
ကောင်းခြင်းဝေဖြာ တယ်ဆိုလည်း
ငါ့အတွက်ကရီစရာပဲ။

ကိုရီးယားကင်ချီက
မြန်မာချဉ်ပတ်ကို ဘယ်မှီမှာလဲ.
ဂျပန်ဆူရှီက ဘယ်လိုပင်ဟန်ချီလဲ
ဆီထမင်းနဲ့ ငါးခြောက်ထောင်းပဲ
စိတ်မှာလေ တကာတောင်း။

ခရန်း(န်)ပတ်တွေ.ပန်(န်) ကိတ်တွေ မနှစ်သက်နိုင်
တွေးကာမိုင်ရင်း စားချင်မိတာက
မုန့်လင်မယား။

စားချင်တိုင်းသာ စားရမှာဆိုရင်
အချိုကဲကဲ ဆီရွဲရွဲနဲ့ထောပတ်ဘိန်းမုန့်
မုန့်ဖတ်သုတ်၊လက်သုတ်စုံနဲ့ အကြော်စုံတွေ
ပဲလှော်နှမ်းထောင်း၊ မုန့်စိမ်းပေါင်း
နှောင်းနှောင်းသံပေး လှည်းကလေးနဲ့
အချဉ်ပေါင်းထုပ်၊မြေပဲပြုတ်
ဝက်ဂေါင်းသုတ်နဲ့ ရေခဲသုတ်
မုန့်လေပွေ၊စာကလေးခွေ
ကပ်စေနဲ၊မုန့်ကျွဲသဲ
မဲမဲသဲသဲ ကောက်လှိုင်းချီ
အပီဝအောင်စားချင်သည်။

ဒီ အချိန်မှာလေ..
ဗိုလ်ချုပ်ပြောခဲ့တဲ့စကားတခွန်းကို
ငါလေရွတ်နေမိတယ်
"အကြည်ရေ... ပဲပြုတ်နဲ့နံပြားစားချင်တယ်"

မာတီကားချား အစားတွေစုံ
ဓလေ့တွေအဖုံဖုံ
တွေ့ကြုံဆုံလဲ မွေ့လျော်မပျော်နိုင်
တွေးကာမိုင်သည်
အော်...ငါ့မှာ
ဗမာစာပဲ...စားချင်တယ်
ဗမာစကားပဲ..ပြောချင်တယ်
ဗမာ့ကားချားကိုပဲ..ချစ်တယ်
ဗမာပြည်မှာပဲနေချင်တယ်

ဆုတောင်းတိုင်းသာပြည့်မည်ဆိုရင်
ချဉ်ပေါင်ဟင်းချို ၊ငါးပိရည်ကျို
မှိုနဲ့ကန်စွန်းရွက်၊ငါးပတ်မွှေချက်နဲ့
မိသားစုထမင်းဝိုင်း ကို လက်စုံ စားချင်ပါသည်။

သူ့နိုင်ငံမှာနေ
သူ့ရေကိုသောက် သူ့အစာတွေစား
သူ့စကားကိုလက်ဆုံပြော
သူ့အရေခြုံလို့ သူ့အသွင်ဆင်ယင်လည်း
ဒါတွေကိုမခုံမင် အိမ်ကိုသာပြန်ချင်တဲ့
ငါဟာ(အစားမင်တဲ့)အိမ်လွမ်းသူမြန်မာပါပဲ။ ။

19.5.10 ( ဒဂုံ တက္ကသိုလ်ဆိုဒ်)တွင် တင်ထားသည်။
...............................

3 comments:

  1. ကောင်းလိုက်တဲ့ စာသား။ ဒို့လည်း ဒဂုံထွက်ပဲ။ 2000ခုနှစ်မှာ ကျောင်းပြီးပါတယ်။

    ReplyDelete
  2. ရသဘယ်​နှစ်​မျိုးရှိပါသလဲ ​ပြောပြ​ပေးပါခင်​ဗျာ

    ReplyDelete
  3. အလင်္ကာအ​ကြောင်း​လေးလဲ ရှင်းပြ​ပေးပါခင်​ဗျာ

    ReplyDelete