*ထိပ်ဆုံးသို့*
တစ်တောင်ပေါ် တစ်တောင်ဆင့်၊ တောင်အမြင့် ပတ်ခြံရံ၊ တစ်တောင်ဆုံးပြန်တော့၊
တစ်လုံးကျန်ပြန်ပေသမို့၊ ဖန်ဖန်လေ အားအင်နှိုးလို့ရယ်၊ ကြိုး
လျှောက်ရပြန်၊ ခါတစ်လေ တကယ်ပန်းတာကြောင့်၊ တော်ပါပြီ ဆက်မလှမ်းချင်ဘု၊
ရပ်တန်းက ရပ်မယ်ကြံ၊ အမှန်တော့ ဖြစ်နိုင်ပါ့မလား၊ စခဲ့မိဟာပေါ့၊
တစ်နေ့မှာ ဆုံးရာရောက်ပါလိမ့်၊ အားလျှော့ကာ ဆုတ်ချင်စမ်းပါနဲ့၊
စိတ်နွမ်းအသာဖြေဦး၊ မာလာငွေ ကန်ရေအေးရယ်နှင့်၊ ငှက်တေးကို အာရုံဆင်လို့၊
မူတသွင် အားအင်သစ်လိုက်ပါ့၊ ချစ်ဖွယ့်လူသား ။ ။
==================================================
"ရုန်းရင်းကန်ရင်း"
လေထန်တိုင်းသာ ပွင့်ကြွေပါမူ
ဘယ်မှာ ပန်းများကျန်မည်နည်း။
လှိုင်းပုတ်တိုင်းသာ ကမ်းပြိုပါမူ
ဘယ်မှာ မြေကြီးကျန်မည်နည်း။
ကျရှုံးတိုင်းသာ ငိုရပါမူ
ဘယ်မှာ မျက်ရည်ကျန်မည်နည်း။
အမှောင်တ၀က် လင်းတ၀က်သည်
တရက်တခါ ကြုံမြဲသာတည့်။
အရှုံးတစ်လှည့် နိုင်တစ်လှည့်မှာ
မျက်လှည့်ပမာ တွေ့မြဲသာတည်း။
ဘ၀သည်ကား တိုက်ပွဲများပင်
လှုပ်ရှားရသော လူ့ရွာတောဝယ်
လင်းသောမှောင်သော အောင်သောရှုံးသော
မုန်းသောချစ်သော သစ်သောဟောင်းသော
ကောင်းသောဆိုးသော ညှိုးသောလန်းသော
ကြမ်းသောနုသော ပူသောအေးသော
စောကြောစိတ်ဖြာ မနေသာပေ
လဲရာကထ ကျရာကတက်
ပျက်ရာကဆောက် ရှေ့သို့လျှောက်၍
ရောက်ရာဘ၀ အားမာန်ပြရင်း
ရုန်းရကန်ရ မည်တကား။ ။
အေးငွေ
ငွေတာရီမဂ္ဂဇင်း
၁၉၇၀ပြည့်၊ ဧပြီလထုတ်
Subscribe to:
Post Comments (Atom)
ထိပ်ဆုံးသို့ကဗျာက ငွေတာရီရေးတာပါ။
ReplyDelete