Friday, January 7, 2011
ပြောတတ် ဆိုတတ် ဆွေးနွေးတတ်တဲ့ အရည်အချင်း
မောင်ဝံသ
(၂၀၁၀ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့ထုတ် ပြည်သူ့ခေတ် ဂျာနယ်မှာ ဖော်ပြထားတဲ့ ဆောင်းပါး ဖြစ်ပါတယ်။ ဒီကနေ့ မီဒီယာတွေပေါ်မှာ ဆွေးနွေးနေသူများ ဆင်ခြင်ဖွယ်ရာ အချက်များနဲ့ နိုင်ငံရေး သမားဆိုသူများ အကြောင်းများ ဖြစ်ပါတယ်။ )
နိုင်ငံရေး စကားဝိုင်း တချို့ နားထောင် ဖြစ်ပါတယ်။ နိုင်ငံရေး အကြောင်း ပြောကြတာ ဆိုတော့ နိုင်ငံရေး စိတ်ဝင်စား သူတွေ နိုင်ငံရေး သမားတွေ ပါဝင်ပြောကြတာ များပါတယ်။ တချို့ပါဝင် ဆွေးနွေးသူတွေ တော်သလောက် တချို့ကျတော့ ညံ့လွန်းတယ်။ စကားဝိုင်းကို အနှောင့်အယှက် ဖြစ်စေတယ်။ သေးသိမ်စေတယ်။ ဒီလို လူမျိုးကိုများ ဖိတ်ခေါ် ဆွေးနွေးခိုင်း ရသလား ဆိုပြီး စီစဉ်တဲ့ လူကိုတောင် အပြစ်တင်စရာ ဖြစ်စေတယ်။
မှားတတ်တဲ့ အမှားများ
နိုင်ငံရေး စကားဝိုင်းတွေမှာ အများဆုံး မှားတတ်ကြတာက မလိုအပ်ဘဲ လေရှည်နေတာ ဖြစ်တယ်။ ရှေ့က လူတချို့ ပြောပြီးသား တွေကို ထပ်ပြောနေတာ။ အချိန်ကို မတွက်တတ်တာ၊ စီစဉ်သူရဲ့ အရိပ်အကဲကို နားမစွင့် ကိုယ်ပြောချင်တာ တွေကို ရေပက်မ၀င်အောင် စွတ်တင်နေတာ ဖြစ်တယ်။ ကိုယ်ညံ့တာကို အထုပ်ဖြေပြသလို ဖြစ်တတ်တယ်။ စီစဉ်သူက အတင်းကို စကားဖြတ်တောက် ခံရတာ ရှက်စရာလည်း ဖြစ်တယ်။
ဥပမာ- စီးပွားရေး အကြောင်း စကားဝိုင်း ဆိုပါစို့။ နိုင်ငံခြားကို ပို့ကုန်များများ တင်ပို့နိုင်အောင် ဘယ်လို နည်းလမ်းတွေ ရှိနိုင် မလဲဆိုတာကို ဆွေးနွေးကြပါလို့ စီစဉ်သူက လမ်းကြောင်းပေးတယ်။ ဆွေးနွေးသူတွေက ကုန်ဈေးနှုန်းတွေ ကြီးမားနေတာ၊ အလုပ်လက်မဲ့တွေ များနေတာ၊ ကုန်ထုတ်လုပ်မှုကို အထောက်အကူပြုတဲ့ ပညာရေးကို အားပေး သင့်တာတွေ လျှောက် ပြောနေရင် တလွဲတွေ ဖြစ်ကုန်ပြီ။ အဲဒါတွေဟာ မှားလားဆိုတော့ မမှားပါဘူး။ ဒါပေမယ့် အခု ဆွေးနွေးရမယ့် ခေါင်းစဉ်နဲ့ တိုက်ရိုက် မဆိုင်ဘူး။ ပြီးတော့ လူတွေ အတော်များများ သိနေပြီး ဖြစ်တဲ့ အကြောင်းတွေကို စကားဝိုင်းမှာ ပြောနေဖို့ မလိုဘူး။ တချို့က သမားဂုဏ် ပြချင်လို့ ပြောတာ တချို့က ကိုယ်က တစ်မတ်ဖိုးလောက် သိတာကို တစ်ကျပ်ဖိုးလောက် ထင်ပြီး လူတွင်ကျယ် လုပ်တာ။ တော်တော်များများ ကတော့ စကားဝိုင်းမှာ အပေးအယူ မျှမျှ ပါဝင်ပြောဆိုနည်းကို နားမလည်လို့ မှားကြတာ ဖြစ်တယ်။
သတိထားရန်
(၁) စကားဝိုင်းမှာ ပါဝင်ပြောဆိုသူဟာ အရိပ်သုံးပါး နားလည်ရမယ်။ စီစဉ်သူရဲ့ စကားကို နားစွင့်ပြီး ပြောဆိုရမယ်။ ကြားဖြတ် မေးချင်မေးမှာပေါ့။ မေးတာကို ဖြေရမယ်။
(၂) တစ်ယောက်တည်း အကြာကြီး မပြောရပါဘူး။
(၃) သူများကို အလှည့်ပေးရမယ်။ သူများ ပြောတာကို သေချာ နားထောင်ရမယ်။
(၄) မိမိ ပါဝင် ဆွေးနွေးတဲ့ ဘာသာရပ်ကို နားလည်အောင် လေ့လာပြီးမှ ပြောသင့်တယ်။
(၅) အကောင်းဆုံး ကတော့ ပြောချင်တဲ့ အချက်အလက် တွေကို မှတ်စုလေး တေးပြီး ပြောသင့်တယ်။
အရည်အချင်း လိုအပ်ချက်
ကျွန်တော်တို့ နိုင်ငံမှာ နိုင်ငံရေး စိတ်ဝင်စားသူ၊ နိုင်ငံရေး ပါဝင် ဆောင်ရွက်သူတွေ အရေအတွက်ကော အရည်အချင်း ကော လိုအပ်နေပါတယ်။ နိုင်ငံရေးကို ဘာသိဘာသာ နေသူတွေ များနေရင် လုံးဝ မကောင်းပါဘူး။ နိုင်ငံရေးကို ကိုယ်ကျိုး စီးပွား အတွက် ၀င်ရောတဲ့ အချောင်သမားတွေ များလာရင်လည်း လုံးဝ မကောင်းနိုင်ပါဘူး။ ကိုယ်ကျိုး မရှာတဲ့ နိုင်ငံရေးကို စိတ်ဝင်စားပြီး မိမိနိုင်ငံမှာ ဘာတွေ ဖြစ်နေလဲ၊ ဘယ်သူတွေက အုပ်ချုပ် နေတာလဲ၊ ဘာစနစ်နဲ့ အုပ်ချုပ်နေတာလဲ၊ တိုးတက် နေသလား၊ ဆုတ်ယုတ် နေသလား၊ လူအများစုကြီး စားဝတ်နေရေး ချောင်လည်သလား၊ မချောင်လည်ဘူးလား စသည်ဖြင့် အကဲခတ် လေ့လာ၊ မိမိ တတ်နိုင်တဲ့ နေရာက ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလောက် ပါဝင် ဆောင်ရွက်သူတွေကို အရေအတွက် အားဖြင့် အရင်ဆုံး လိုပါတယ်။ ပြီးတော့မှ အရည်အချင်းပိုင်း ဖြည့်ဆည်းရင် ဖြစ်ပါတယ်။
အရည်အချင်းပိုင်းမှာ ပထမ အရေးကြီးဆုံး ကတော့ ရိုးသားဖြောင့်မှန်မှု (Sincerity) ပါပဲ။ ရိုးသား ဖြောင့်မှန်မှုလို့ အပြည့်အစုံ ပြောမှ တိကျမှာပါ။ Sincerity ကို The Quality or condition of being sincere; genuineness, honesty, and freedom from duplicity လို့ The American Heritage Dictionary က အဓိပ္ပာယ် ဖွင့်တာကို သဘောကျလို့ပါ။
ကျွန်တော်တို့ နိုင်ငံမှာ နိုင်ငံရေး ပါတီတွေ အများကြီး ပေါ်ခဲ့ဖူးတယ်။ ဟိုး အာဏာရ ဖဆပလ ခေတ်ကနေ မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် အထိ လေ့လာကြည်ရင် ရိုးသားဖြောင့်မှန်မှုနဲ့ နိုင်ငံရေး ဝင်ရောက်သူထက် အခွင့်အရေး မျှော်ကိုးပြီး ဝင်လုပ်သူတွေက အရေအတွက် များခဲ့တာ တွေ့ရမှာပါ။
လမ်းစဉ်ပါတီ စတင် တည်ထောင်ချိန်က ကျွန်တော်တို့ တက္ကသိုလ် အပြင်တောင် ရောက်နေပြီမို့ ကောင်းကောင်းကြီး သိမီ ပါတယ်။ အဲဒီ အချိန်က အလုပ်အကိုင် သိပ်မရှားပါး သေးဘူး။ တက္ကသိုလ် ဘွဲ့ရတွေဟာ ကုန်သွယ်ရေး မန်နေဂျာ၊ သစ်လုပ်ငန်း လက်ထောက်မန်နေဂျာ၊ နိုင်ငံခြားရေးရုံး တတိယ အတွင်းဝန် စသဖြင့် ရာထူးဝန် စာမေးပွဲတွေ ဝင်ဖြေနိုင်တယ်။ ရာထူးရတဲ့ လူ များတယ်။ နောက်တစ်မျိုးက ATO လို့ ခေါ်တဲ့ လက်ထောက်မြို့ပိုင် ရာထူး။ နောင် မြို့ပိုင်၊ နယ်ပိုင်၊ ခရိုင်ဝန် စသည်ဖြင့် တက်သွားတာပဲ။
မိုးထဲရေထဲမှာ
အဲဒီကာလမှာပဲ သူငယ်ချင်း တချို့က လမ်းစဉ်ပါတီ ကေဒါများ အဖြစ် ဝင်ခဲ့ကြတယ်။ လမ်းစဉ် ပါတီကို ပမညတဟောင်း နဲ့ ဗကပဟောင်းတွေ ဝင်တာများတယ်။ ဖဆပလနဲ့ ပထစဟောင်းတွေ ဝင်တာ နည်းတယ်။ ယခင် နိုင်ငံရေး မလုပ်ခဲ့ဖူးဘဲ လမ်းစဉ်ပါတီထဲ ဝင်တဲ့ လူသစ်တွေဟာ ဆိုရှယ်လစ် လစ်စဉ်ကို တကယ် ယုံကြည်လို့ ဝင်သူတွေ ရှိသလို ရေရှည် စားသာမှာ သေချာတယ် ဆိုပြီး တွက်ကိန်းနဲ့ ဝင်သူတွေ အတော်များတယ်။ ကျွန်တော်တို့ ကျောင်းမှာတုန်းက နိုင်ငံရေး စိတ်ဝင်စားဖို့ မပြောနဲ့ သမဂ္ဂထဲတောင် မရောက်ဖူးသူတွေ အတော်များများ လမ်းစဉ်ပါတီထဲ ရောက်ကုန်တယ်။ နောင် မိုးထဲရေထဲလည်း ရောက်ရော ပါတီဝင် ကတ်ပြားတွေ မီးရှို့ပြီး ကိုယ်လွတ် ရုန်းကြတဲ့အခါ သူတို့ အရှေ့ဆုံးကပဲဗျ။
ကျွန်တော်တို့ တိုင်းပြည်ရဲ့ အနာဂတ် နိုင်ငံရေးမှာ အဲသလို လူတွေကိုတော့ ကျပ်ကျပ်ကြီး ရှောင်ဖို့ လိုပါတယ်။ အခွင့်အရေးမျှော် နိုင်ငံရေးသမားနဲ့ ရိုးသားဖြောင့်မှန် နိုင်ငံရေးသမားကို ခွဲခြား အားပေးဖို့ကတော့ ပြည်သူများရဲ့ တာဝန်ပဲ ဖြစ်ကြောင်းပါဗျာ။
မောင်ဝံသ
Posted by ပိတောက်မြေ at 12:05:00 AM
Subscribe to:
Post Comments (Atom)
No comments:
Post a Comment